Tuesday, January 22, 2013

စီးပွားရေး တိုးတက်စေသော အခက်အခဲများမှ ကျော်လွှားစေနိုင်သော ယတြာနည်း

ကျွန်ုပ်နှင့် အကိုကြီးသည် ယင်းတော်ကျေးရွာ ထူးချင်ဖူးလိုက် ဓာတ်တော်တိုက်ကို ဖူးမျှော်ပြီး၍ စိတ်အေးချမ်းသာစွာဖြင့် ပျော်ဘွယ်မြို့သို့ ပြန်ရောက်လာခဲ့လေ၏။ အပြန်လမ်းတွင် ကျွန်ုပ်မှ မောင်တော်ဆိုင်ကယ်ကို မောင်း၍ အကိုကြီးမှ နောက်မှထိုင်လိုက်၏။ ကျွန်ုပ်တို့သည် မော်တော် ဆိုင်ကယ်ကို ဖြေးဖြေးနှင့်မှန်မှန် မောင်းနှင်လာခဲ့ရာမှာ မကြာမီပင် ပျော်ဘွယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့၏။ ကျွန်ုပ်က အကိုကြီးအား အိမ်မပြန်ချင်သေးဘူး။ လဘက်ရည်ဆိုင် ထိုင်ရအောင်ဟု ပြောလေရာ အကိုကြီးမှ ပျော်ဘွယ်မြို့ မီးရထားလမ်းနှင့် ကားလမ်းဆုံသော နေရာကလေးဘေးရှိ မင်းကြီးလဘက်ရည်ဆိုင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် လဘက်ရည် တစ်ယောက်တစ်ခွက် မှာသောက်၏။ အဆာပြေ ပေါင်မုန့်နို့ဆမ်း တစ်ယောက်တစ်ပွဲ မှာ၍ စား၏။ ထို့နောက် ကျွန်ုပ်နှင့် အကိုကြီးတို့သည် လဘက်ရည်သောက်ရင်း ရှေ့ကြောင်းနောက်ကြောင်းများကို အေးအေးလူလူ ထိုင်၍ ပြောဖြစ်ကြလေ၏။

အကိုကြီးက ကျွန်ုပ်အား မင်းနဲ့ငါလည်း မတွေ့ဖြစ်တာ ငါးနှစ်တောင်ကျော်ပြီနော်။ မင်းမှတ်မိဦးမလား။ မင်းထိုင်းကို မသွားခင် တစ်ပါတ်အလိုက လာနှုတ်ဆက်တာဟာ နောက်ဆုံးပဲနော်။ အဲဒီတုန်းက ငါကလည်း ပျော်ဘွယ်ကို မရောက်သေးဘူးလေ။ ရန်ကုန် မင်္ဂလာဒုံမှာ နေနေတဲ့အချိန်ပေါ့။ အဲဒီအချိန်တုန်းကတော့ ငါက အလုပ်အကိုင် တော်တော်လေး အဆင်ပြေနေတဲ့ အချိန်၊ မင်းကတော့ မင်းတို့ အဘမင်းသိင်္ခခြံကနေ ထွက်လာပြီး စားရမဲ့ သောက်ရမဲ့ ဘ၀နဲ့ အလုပ်မရှိ အကိုင်မရှိ လွယ်အိပ်တစ်လုံး ပုခုံးလွယ်ပြီး ရှောက်သွားနေရတဲ့ အချိန်ပေါ့။ ဒါပေမယ့် မင်းက အလုပ်မရှိ အကိုင်မရှိ ဘ၀က ဝေလေလေသာ ဖြစ်နေတာ ။

အဲဒီအချိန်ကတည်းက စကားပြောရင် မင်းက တော်တော်လေး လေလုံးထွားတယ်နော်။ ဘာတဲ့.... မင်းပြောတဲ့ စကားတစ်ခွန်းကို ငါမှတ်မိနေသေးတယ်။ အကိုကြီးတဲ့ ငါ့ကို ဖိနပ်တစ်ရံလောက် ၀ယ်ပေးလိုက်ပါတဲ့။ ဒါပေမယ့် ဒီအချိန်မှာ အကိုကြီးညီက ဖိနပ်တစ်ရံသာ ကောင်းကောင်း မ၀ယ်နိုင်သေးတာနော်။ နောင်တစ်ချိန်ကြရင် မင်းတို့တစ်မိသားလုံးကို ငါက ပြည့်ပြည့်စုံစုံ ပြန်ထားနိုင်မှာ စိတ်သာချတဲ့။ မင်းပြောခဲ့တဲ့ စကားလေ။ ငါ ဒီနေ့ထိ မှတ်မိနေသေးတယ်။ တဖြေးဖြေး မင်းရဲ့ဘ၀ကတော့ အပြည့်စုံကြီး အချမ်းသာကြီး မဟုတ်သည့်တိုင်အောင် ပူပင်သောကတွေကတော့ ကင်းဝေးလာတယ်။ နောက်ပြီး မိဘတွေကိုလည်း မင်းက တတ်နိုင်သလောက် ပြန်ကြည့်နိုင်တယ်။ ငါတို့မိသားစု ညီကိုမောင်နှမတွေ အားလုံးထဲမှာလဲ မိဘကို ပြန်သိတတ်တာ မင်းက အသာဆုံးပဲ။ ငါပြောနိုင်တာ တစ်ခုရှိတယ် ညီလေး။ မင်း ဘယ်တော့မှ ဒုက္ခမရောက်ဘူး။ အဲဒါကိုတော့ မင်းယုံကြည်ထားလိုက်ဟု ကျွန်ုပ်အား အကိုကြီးမှ ပြောလေ၏။

ထိုအခါ ကျွန်ုပ်လည်း ထိုင်းနိုင်ငံကို မထွက်ခွါခင် အကြောင်းအရာများကို ပြန်လည်တွေးမိလိုက်သဖြင့် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ပြီးလျှင်

အင်း... ဟုတ်တယ်အကိုကြီး။ အဲဒီတုန်းက ကျွန်တော်က အဘမင်းသိင်္ခရဲ့ မှော်ဘီမရမ်းတလင်းခြံကနေ ထွက်လာကာစအချိန်ပေါ့။ ကိုယ်ပိုင် ဗေဒင်ဟောခန်းကလည်း မဖွင့်နိုင်သေးဘူး။ ပိုက်ဆံကလည်း တပြားမှ မရှိ။ တော်တော်လေး ဒုက္ခရောက်နေတာ။ ထိုင်းကို သွားဖို့ကလည်း အဲဒီအချိန်တုန်းက လုံးဝကို အစီအစဉ် ရှိတာ မဟုတ်ဘူး အကိုကြီးရ။ နောက်တော့ ကံကြမ္မာအကြောင်း တရားကြောင့်လားတော့ မသိဘူး။ ထိုင်းကို သွားနေဖို့ အကြောင်းတရားက ဖြစ်လာတယ်။ ထိုင်းကို သွားမယ်လို့ လုပ်တဲ့အချိန်တုန်းက အ၀တ်အစား ထည့်ဖို့ အိပ်ကလည်း မရှိ။ လမ်းခရီးဝတ်သွားဖို့ အ၀တ်အစား ကောင်းကောင်းကလည်း မရှိ။ မှတ်မိသေးတယ်။

အဲဒီအချိန်တုန်းက ထိုင်းကို သွားမယ်ဆိုတော့ အ၀တ်အစားက ၃-စုံပဲရှိတယ်။ ဒါပေမယ့် အဲဒီတုန်းက အိပ်နှစ်လုံးတောင်ပါတယ်။ အိပ်နှစ်လုံးစလုံးမှာ ဗေဒင်နဲ့ပါတ်သက်တဲ့ စာအုပ်တွေ မှတ်စုတွေ မှတ်တမ်းတွေ အပြည့်ထည့်သွားဖြစ်တာ။ ထိုင်းကိုရောက်တော့ ထိုင်းမှာစောင့်ကြိုနေတဲ့ အသိက သူငယ်ချင်းတဲ့ ဘာအလုပ်လုပ်ချင်လဲတဲ့။ အဲဒီတော့ ငါကလည်း ကျွန်တော်က မြန်မာပြည်မှာကတည်းက ဗေဒင်ဆရာတစ်ယောက် ဖြစ်ပါတယ်ဗျာ။ ဆရာကြီးမင်းသိင်္ခရဲ့ တပည့်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကျွန်တော် ဒီမှာလည်း ဗေဒင်ဟောချင်ပါတယ်လို့ ငါက ပြောလိုက်တော့ သူကလည်း ချက်ချင်းဆိုသလို အခန်းတစ်ခန်း စီစဉ်ပေးတယ်။ အဲဒီလိုနဲ့ ထိုင်းနိုင်ငံမှာ ဗေဒင်ဆရာတစ်ဦး အဖြစ်နဲ့ စတင်ရပ်တည်ဖြစ်ခဲ့တာ။ စကတည်းက အဆင်ပြေပါတယ်။ ဒုက္ခကြီးကြီးမားရောက်တာ မရှိသလောက်ပါပဲ အကိုကြီးဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ အကိုကြီးက ဆေးလိပ်ဗူးထဲမှ စီးကရက်တစ်လိပ်ကို မီးညှိ့ရှိုက်ဖွာလိုက်ရင်း...

အေး... ငါကတော့ မင်းနဲ့ ပြောင်းပြန်ပဲကွ။ မင်းက တဖြေးဖြေး အဆင်ပြေလာတဲ့ အချိန်မှာ ငါက တဖြေးဖြေး အခက်အခဲတွေနဲ့ တွေ့တွေ့လာခဲ့ရတယ်။ ကျပ်တည်းလာခဲ့တယ်။ အဆင်ပြေလိုက် အဆင်မပြေလိုက် ဖြစ်ဖြစ်လာတယ်ကွ။ အောက်ခြေလူတန်းစားတွေရဲ့ ထုံတမ်းစဉ်လာအတိုင်းပေါ့ကွာ။ အလုပ်လေးကောင်းတဲ့ အချိန် ရရှိလာတဲ့ ငွေကြေးတွေနဲ့ အလုပ်မရှိတဲ့အချိန် ထိုင်စားနေလိုက်တာ။ မလုပ်မဖြစ်တဲ့ အချိန်ရောက်တော့လဲ အလုပ်မရှိ ရှိအောင် ရှာလုပ်ရတာပေါ့။ နည်းနည်းလေး အဆင်ပြေလာပြန်တော့ ပိုက်ဆံလေးတွေလည်း နည်းနည်းပါးပါး စုမိဆောင်းမိလာပြန်ရော ဟိုဟာလေး ၀ယ်လိုက် ဒီဟာလေး ၀ယ်လိုက် စားလိုက်သောက်လိုက်နဲ့ ပြန်ကုန် သွားပြန်ရော။ အဲဒီလိုနဲ့ သံသရာ လည်နေတာ။ ပြောရရင်တော့ကွာ။

သူဋ္ဌေးနဲ့ ဆင်းရဲသားကွာခြားတဲ့ အချက်က အဲဒါပဲကွ။ သူဋ္ဌေးတွေက လူက ရပ်နေပေမယ့် ၀င်ငွေက မရပ်နေဘူးကွ။ ဆင်းရဲသားတွေကတော့ အဲဒီလို မဟုတ်ဘူး။ လူရပ်လိုက်တာနဲ့ ၀င်ငွေပါ ချက်ချင်းရပ်သွားတယ်။ အဓိကကတော့ အဲဒါပဲ ညီလေး။ အဲဒီလိုနဲ့ ငါလည်း တဖြေးဖြေး ကျပ်ကျပ်လာခဲ့တာ။ အခု ဒီနှစ်ထဲရောက်တော့ တော်တော်လေး အဆင်မပြေ ဖြစ်တော့တာပဲ။ အခုဆို အလုပ်မရှိပဲ ဖြစ်သလို ထိုင်စားဖြစ်နေတာ ၆-လတောင် ကျော်နေပြီကွ။ အဲဒီတော့ ညီလေးရာ။ ညီအကိုချင်း အကိုကြီးက မင်းဆီမှာ အကူအညီပြန်တောင်းရဦးမယ်။ ရောက်တုန်းရောက်ခိုက် အလုပ်အကိုင် ပုံမှန်အဆင်ပြေစေမယ့် ယတြာလေးဘာလေး ပေးခဲ့လမ်းညွန်ခဲ့ပါဦး။ ညီအကိုလို့ သဘောမထားဘဲ ဆရာသမားလို သဘောထားပြီး တစ်သွေမတိမ်း လိုက်လုပ်ပါ့မယ်ကွာဟု အကိုကြီးမှ ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အကိုကြီးအား လာဘ်လာဘပွင့်လန်း၍ စီးပွားရေးတရိပ်ရိပ် တိုးတက်စေသော အောက်ဖော်ပြပါ ယတြာကို ပြောပြဖြစ်တော့၏။

ဒီမှာအကိုကြီး။ အကိုကြီးက ယတြာတောင်းတော့လည်း ပေးရတာပေါ့။ ယတြာဆိုလို့ အရမ်းကြီး ခက်ခက်ခဲခဲလည်း မဟုတ်ဘူးနော်။ နောက်ပြီး သိန်းနဲ့သန်းနဲ့လည်း ကုန်ကျစရာ မရှိဘူး။ ရှောက်ချိုသီးနဲ့ ဗယာကြော်ကိုတော့ အကိုကြီး သိတယ်မဟုတ်လား။ အဲဒီနှစ်မျိုးနဲ့ ယတြာချေရမယ်။ ဒီယတြာလုပ်ရင် ဘာတွေကောင်းလဲ ဆိုတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့ သူတွေဆိုရင် ကိုယ့်လုပ်ငန်းကို အဖျက်ဝင်တာတို့ အနှောက်အယှက်ဝင်တာတို့ အပြိုင်အဆိုင် ပေါ်ပေါ်က်တာတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတာတွေ ပြေပျောက်စေတယ်။

နောက်ပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကနေ ရန်သူကြီးတစ်ကြီး တစ်ဦးသဖွယ် အနှောက်အယှက်ပြုလာသူ၊ ဒါမှမဟုတ် ကိုယ့်ကို ဒုက္ခပေးသူများနဲ့ အတူတကွ တွဲလုပ်ရတဲ့အခါတွေမှာလဲ ဆောင်ရွက်လို့ ရတယ်။

နောက်ပြီး အလုပ်အကိုင်တွေကလည်း အဆင်မပြေဘူး။ စိတ်ထင်တိုင်း မပေါက်မြောက်၊ အပြိုင်အဆိုင်တွေကလည်း များ၊ ငွေကြေးကုန်ကျစရိပ်တွေကလည်း အလွန်းများပြားပြီး ဘာလုပ်လုပ် မအောင်မမြင် ဖြစ်နေတဲ့အခါတွေမှာလဲ လုပ်လို့ ရတယ်။ အရောင်းအ၀ယ်ကလည်း အေးတိ အေးစက်ဖြစ်နေပြီး စိတ်သောက ရောက်နေရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရတယ်။ ပြောရရင်တော့ဗျာ လာဘ်မရွှင်၊ ကံနိမ့်၊ လာဘ်ပိတ် ၊ ငွေမမြဲ၊ လုပ်သမျှအံချော် ၊ ရောင်းမှားဝယ်မှားဖြစ် စိတ်ညစ်စရာတွေ တစ်ခုပြီတစ်ခု ဖြစ်နေတဲ့အခါတွေမှာ ဒီအခု ယတြာကို ချေပေးလို့ရတယ် အကိုကြီးဟု ကျွနိုပ်က ပြောလိုက်လေလျှင် အကိုကြီးက

အေးပါကွာ။ မင်းရဲ့ယတြာကိုလည်း ပြည့်ပြည့်စုံစုံလေး နားလည်အောင် ပြောပြပေးပါဦး။ အခု မင်းပြောနေသလောက်နဲ့တောင်ငါတောင် တော်တော်လေး စိတ်ပါလာပြီဟု အကိုကြီးက ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း အောက်ပါအတိုင်း ယတြာကို ဆက်လက် ပြောပြလိုက်လေတော့၏။

ဒီလိုဗျ။ ယတြာချေရင် ကိုယ့်မွေးနေ့မှာ လုပ်ရမယ်ဗျာ။ အချိန်ကတော့ မွန်းမလွဲမီ ဆောင်ရွက်ရမယ်ဗျာ။ ဆိုလိုတာကတော့ဗျာ။ တနင်္ဂနွေနေ့ မွေးသူဆိုရင် တနင်္ဂနွေနေ့ (၁၂-၀၀) နာရီ မတိုင်ခင် ဆောင်ရွက်ရမယ်။ စုစုပေါင်းယတြာက သုံးကြိမ်တိတိ ဆောင်ရွက်ရမယ်။

ပထမအကြိမ်ဆောင်ရွက်ရမည့်ယတြာ

မိမိမွေးရက်၏ နံက်ပိုင်းမှာ အိမ်ရှိဘုရားစင်မှာ “ဗယာကြော်ကိုးခု” နှင့် “ ရှောက်ချိုသီးကိုးလုံး” လှူရမယ်။ ကျကျနနဆေးကြော သန့်စင်ထားတဲ့ ပန်းကန်၊ လင်ပန်းနဲ့ ထည့်လှူရမယ်။ မွန်းမလွဲခင် စွန့်၇မယ်။ နောက်ပြီး စွန့်ပြီးရင်တော့ အမှန်တကယ် စားသုံးမည့်သူကို လှူဒါန်းရမယ်။ ဒါ ပထမဆုံး ယတြာဆောင်ရွက် ရမယ့်နည်းပဲ။

ဒုတိယအကြိမ်ဆောင်ရွက်ရမည့်ယတြာ

နောက်တစ်ဆင့်ယတြာချေရမှာက အဲဒီပထမယတြာချေပြီး နောက်တစ်ပါတ်အတွင်း လုပ်ရမယ်။ ပထမယတြာချေသလိုပဲ။ ကိုယ့်ရဲ့ မွေးနေ့မှာပဲ ဆောင်ရွက်ရမယ်။ မွန်းမတည့်မီ ဆောင်ရွက်ရမယ်။ မိမိထက်အသက်ကြီးသူကို ဗယာကြော်တစ်ခုနှင့် ရှောက်ချိုသီးတစ်လုံးစီ လှူဒါန်းရမည်။ မိမိပါတ်ဝန်းကျင်မှာ ကိုယ့်ထက် အသက်ကြီးသောသူကို လှူရင်လည်း ၇ပါတယ်။ ဒါမှမဟုတ် ဘိုးဘွားရိပ်သာကို သွားရောက် လှူဒါန်းမယ်ဆိုရင်လည်း ရပါတယ်။ ယတြာရဲ့ ဒုတိယ အစီအစဉ်ကတော့ မိမိထက် အသက်ကြီးသူကို ဗယာကြော်တစ်ခုနှင့် ရှောက်ချိုသီးတစ်လုံးစီ လှူဒါန်းရမည်။

တတိယအကြိမ်ဆောင်ရွက်ရမည့်ယတြာ

ဆက်တိုက် နောက်တစ်ပတ် အတွင်း မွေးနေ့နံက်ပိုင်းမှာ ရှောက်ချိုသီး ကိုးလုံး နဲ့ ဗယာကြော်ကိုးခုစီကို ဘုန်းကြီးကျောင်းကိုးကျောင်း ဒါမှမဟုတ် ဘုန်းကြီးကိုးပါးကိုဖြစ်စေ လှူဒါန်းရမည်။ စုစုပေါင်း ရှောက်ချိုသီး (၈၁)လုံး ဗယာကြော်(၈၁)ခုတို့ကို လှူဒါန်းရမယ်။

ယတြာကတော့ အဲဒါပဲ အကိုကြီးရေ။ အဲဒီလို အဆင့်ဆင့်သာ ဆောင်ရွက်ပေတော့ အကိုကြီးရေ။ ယတြာက ခက်တယ်၊ ကုန်ကျစရိပ်များတယ်လို့ စိတ်ထဲမှာ မထားပါနဲ့။ တစ်ပါတ်တစ်ခါ လုပ်သည်နှင့် နောက်တစ်ပါတ်လုပ်ဖို့ အလိုလို အဆင်ပြေလာပါလိမ့်မယ်။ တစ်ပါတ်ပြီးတစ်ပါတ် သိသိသာသာ လာဘ်လာဘ ပွင့်လန်းလာပါလိမ့်မယ်။ တစ်ခုထူးခြားတာကတော့ ဒီယတြာကို ဆောင်ရွက်ပြီးနောက်ပိုင်း ၇န်ပြေပျောက်၊ လာဘ်လာဘပွင့်လန်းယုံမက ထီပေါက်ခြင်း ငွေအစုလိုက် အပြုံလိုက်ဝင်ခြင်း ၊ မိသားစုတွေလည်း သူ့နည်း သူ့ဟန်နဲ့သူ လာဘ်လာဘ ရွှင်လန်းတာတွေလည်း ရှိတယ် အကိုကြီး။ အဲဒီတော့ အကိုကြီးလည်း အဲဒီအတိုင်းသာ ဆောင်ရွက်ပါဗျာဟု ပြောဆိုကာ လဘက်ရည်ဆိုင်မှ ကျသင့်ငွေကို ရှင်းကာ မင်းကြီးလဘက်ရည်ဆိုင်မှ ပြန်လာခဲ့လေတော့သတည်း။

No comments:

Post a Comment