Tuesday, January 22, 2013

၂၀၁၃-ခု၊ ဇန်န၀ါရီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

အားလုံးအတွက် မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အွန်လိုင်းမှနေပြီး ကျွန်ုပ်အား နှစ်သစ်ကူးဆုတောင်းပေးကြသော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်လို့ အားလုံးကို ပြောပါရစေ။ နှစ်ဟောင်းတစ်နှစ်ကုန်လို့ နှစ်သစ်တစ်ခုကို စတင်ဝင်ရောက်လာခဲ့ပြီ။ သူများတွေအတွက်တော့ မသိဘူး။ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ ဒီနှစ် ဒီဇင်ဘာဟာ တန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇင်ဘာလ(၂၀) ရက်နေ့တုန်းက မေတ္တာရှင်ဆ ရာတော်ဘုရားရဲ့ တရားပွဲကို ကျွန်တော်တို့ ရပ်ကွက်မှာ လူငယ်တွေ တက်တက်ကြွကြွ စုပေါင်းပြီး ကမကထပြု ဆောင်ရွက်ဖြစ်ခဲ့တယ်။ အေးအေးချမ်းချမ်းပဲ အောင်မြင်သွားလို့ ကျေနပ်ပီတိ ဖြစ်ရတယ်။ နောက် ၂၈-ရက်နေ့ညမှာ တိပိဋဆရာတော် တရားပွဲကိုလည်း ထိုနည်းအတူ အောင်မြင်အောင် ၀ိုင်းဝန်းကျိုးစား ဖြစ်ကြတယ်။ ညီညွတ်ခြင်းဟာ ချမ်းသာခြင်းပဲ ဆိုတဲ့အတိုင်း လူငယ်တွေအားလုံး ညီညီညွတ်ညွတ် တက်တက်ကြွကြွ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့လို့ ကြွရောက်တော်မူလာတဲ့ ဆရာတော်များ၏ သာဓုခေါ်ဆိုခြင်းကို ခံခဲ့ရတယ်။ ဒါကြောင့်လဲ စိတ်ထဲမှာ ကျေနပ်ပီတိ ဖြစ်ခဲ့မိတယ်။ ပျော်ရွင်ခဲ့တယ်။ အဲဒီ ပျော်ရွှင်နေတဲ့ စိတ်ကလေးနဲ့ပဲ ဒီရက်လေးတွေကို ဖြတ်သန်းဖြစ်တာ။

ဖြတ်သန်းဖြစ်ခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကောင်းတာတွေရော မကောင်းတာတွေရော လုပ်သင့်တာတွေရော မလုပ်သင့်တာတွေရော လုပ်ဖြစ်ခဲ့တာတွေ အများကြီးပါပဲ။ ပြန်ပြောင်း စဉ်းစားမနေတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ မနက်ဖြန်ကနေ စတင်မယ့် (၂၀၀၃)ခုနှစ်မှာ ဘ၀ကို ဘယ်လို ဖြတ်သန်းမလဲလို့ နည်းနည်းလောက် တွေးမိတယ်။ ဒါပေမယ့် အဲဒီအတွေးကို ချက်ချင်းဆိုသလို ဖြတ်ချလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဘ၀ခရီးဆိုတာ ကိုယ်စီစဉ်သလို ဖြစ်တယ်လို့ ရှိမှ မရှိတတ်တာ။ ကိုယ့်အတွက် ပြောတာပါ။ သူများတွေအတွက်တော့ မသိဘူးပေါ့။ ကိုယ်စီစဉ်ထားသလို မဖြစ်ဘူး။ မရည်ရွယ်ပေမယ့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ တစ်ခုမက ရှိခဲ့တယ်။ ဒါကြောင့် ဘ၀ခရီး သွားတယ်ဆိုတာကို နည်းနည်းလေး သဘောပိုပေါက်လာခဲ့တယ်။

မိတ်ဆွေတွေက ရန်သူတွေ ဖြစ်သွားခဲ့တယ်။ ရန်သူတွေကလည်း မိတ်ရင်းဆွေရင်းတွေ ဖြစ်လို့၊ သေချာပေါက် အောင်မြင်မယ့် အကြောင်းအရာတွေက တလွဲတွေ ဖြစ်ခဲ့ပြီး လက်လွှတ်ထားခဲ့တဲ့ ကိစ္စတွေက ပြန်လည် အသက်ဝင်လာပြန်တယ်။ မကောင်းပြောခဲ့တဲ့ လူတွေက ကိုယ့်ကို ခ-ယနေကြပြီး လေးလေးနက်နက် ချီးမွမ်းထောမနာ ပြုခဲ့ကြတဲ့ လူတစ်ချို့ကတော့ ဒီလူ မကောင်းဘူးဆိုတဲ့ အသံလေးတွေ ထွက်လာကြတယ်။ အင်း မိတ်ဆွေတွေဟာ ရန်သူအဖြစ် ပြောင်းလဲသွားနိုင်သလို ရန်သူတွေကလည်း မိတ်ဆွေအဖြစ် ပြောင်းလဲသွားနိုင်တာပဲ။ ထားလိုက်ပါတော့ ၊ ၂၀၁၃- မှာ ဘာတွေ ကြုံနိုင်သလဲဆိုတော့ အင်း ကျွန်တော့်အထင်တော့ ပြီးခဲ့တဲ့ ၂၀၁၂- ခုနှစ်တုန်းက တွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာတွေပဲ တပါတ်ပြန်လည် ခံစားကြရဦးမှာပဲ။ လူတစ်ဦးတစ်ယောက် အတွက် ပြောတာပါ။ ဒီနှစ်ထဲမှာ ကောင်းကင်မှာ ပျံနိုင်လာမယ်။ ရေပေါ်မှာ လမ်းလျှောက်နိုင်မယ်၊ လေထဲမှာ တိုက်အိမ်ဆောက်လာနိုင်မယ် စတဲ့ ထူးထူးထွေထွေ အဖြစ်အပျက်တွေတော့ ကြုံလာနိုင်မယ် မထင်ပါဘူး။ ကျွန်တော့်အတွက် ပြောတာပါ။ မနှစ်တုန်းက ကြုံခဲ့တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး ဒါတွေပဲ ထပ်ကြုံရဦးမှာပဲ မဟုတ်လား။

ကျွန်တော့်အတွက် ဆုတောင်းပေးကြတဲ့ မိတ်ဆွေများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကြုံဆုံလာရတဲ့ အခက်အခဲတွေကိုလည်း တည်တည်ညိမ်ညိမ် လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကိုလည်း ဆုတောင်းပေးပါတယ်။ တစ်နိုင်ငံလုံး လိုလားတောင့်တသော ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းခရီးကြီးမှာလည်း အဖုအထစ်တွေ အခက်အခဲတွေ ကြမ်းတမ်းမှု့တွေ အဆင်မပြေမှု့တွေ နည်းပါးပြီး လွယ်ကူသော ဒီမိုကရေစီ ခရီးလမ်းကို ပန်းခင်းသော လမ်းပမာ လျှောက်လှမ်းနိုင်ပါစေ။ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း အဲဒီ ပန်းခင်းသော လမ်းကလေးမှာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ နိုင်ငံတော်ကြီးကိုလည်း ဆုတောင်းပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်း စားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။
ယတြာ...... ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။

တနင်္လာသားသမီးများအတွက်

ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ် ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ၇ပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့နံပတ်ရှာပြီး ထိုးပါ။
ယတြာ.... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။

အင်္ဂါသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို ၊ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။ နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွား တတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစား များကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ (၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။
ယတြာ... ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေတအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စနှောက် ယှက်တာ မျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။
ယတြာ...... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။

ကြာသပတေးသားသမီးများအတွက်

ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ.... ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

သောကြာသားသမီးများအတွက်

ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။ ၀မ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။
ယတြာ..... ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာ သစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။
စနေသားသမီးများအတွက်

ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်း တက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ်ပါတယ်။ အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စ တွေမှာတော့ မရေမရာ ဖြစ်တတ်ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့ အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။
ယတြာ.... ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင်ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။

No comments:

Post a Comment